အရူးတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

ထူးခြားဆန်းကြယ်တဲ့စိတ်ဆန္ဒတွေဟာ ရူးသွပ်စွာနဲ့ စိတ်ကူးထဲကို ရောက်လာခဲ့ပါတယ်။ မမြင်ရတဲ့အရာဝတ္ထုတွေ၊ မမျှော်လင့်ခဲ့ဖူးတဲ့ အကြောင်းခြင်းရာတွေရဲ့ တိုက်တွန်းမှုတွေက ကျွန်တော့်ကိုလှုံ့ဆော်နေကြတယ်။ တွေးမိသမျှ၊ စိတ်ထဲအတွေးဆန်းဆန်းပေါ်လာတိုင်း ရင်းနှီးသူတိုင်းကို တိုင်ပင်လေ့ရှိတဲ့ ကျွန်တော့်ရဲ့ဝသီကြောင့် နာမည်တစ်လုံး တွင်လုနီးပါးဖြစ်ခဲ့ရပါတယ်။ ပြန်ရခဲ့တဲ့တုံ့ပြန်မှုကတော့ အားရစရာပါပဲ။ ဒီငနဲတော့ ရူးသွားပြီထင်တယ်တဲ့။ အသက်မဲ့တဲ့ ခြောက်သွေ့သွေ့အပြုံးတွေရဲ့ သရော်မှုကြောင့်ပဲ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့်ဆုံးဖြတ်ချက်က နောက်ဆုတ်ဖို့အရေး တွေးဖို့တောင်စိတ်မကူးတော့ဘူးလို့ ရင်ထဲကကြုံးဝါးခဲ့တယ်။ အကြိမ်တစ်ရာမက ဟစ်ကြွေခဲ့တယ်။

“ငါရအောင်လုပ်ပြမယ်”
“ငါရအောင်လုပ်ပြမယ်”
“ငါရအောင်လုပ်ပြမယ်”

စိတ်ကူးရဲ့မြစ်ဖျား

မှန်တာပဲပြောပါရစေ။ သူ့နာမည်ကို ကျွန်တော်မသိခဲ့ပါဘူး။ အမှတ်တမဲ့သိခဲ့ရာကနေ ရည်ရွယ်ထားခြင်းမရှိဘဲ တက်ဖြစ်ခဲ့တဲ့ ပတ္တမြားဆောင်နယ်မြေလေးကို နှစ်နှစ်တာခြေဆန့်ခဲ့ရဖူးတာက အချိန်အားဖြင့် ၂၀၁၂ ခုနှစ်ကပါ။ ရခဲ့တဲ့ဘွဲ့နဲ့နည်းနည်းမှ နီးစပ်မှုမရှိတဲ့ အိမ်ခြံမြေအေဂျင်စီလုပ်ရင်း အောင်မြင်မှုကိုပြူးပြဲ ရှာဖွေတောင်မတွေ့ခဲ့တော့ အသွင်ပြောင်းပြီး အာမခံအေးဂျင့်လုပ်ရင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲလိုက်နားထောင်၊ အဖေ့သင်တန်းတက်နဲ့ ဘယ်ကနေဘယ်လိုမှန်းမသိဘဲ ဆေးထိုးအပ်ကိုင်ရာကနေ စီးပွားရေးလောကထဲရောက်လာပါတယ်။ စာဖတ်တာဝါသနာပါတာမို့ လေ့လာရင်း၊ ကျောင်းတက်ရင်း စီးပွားရေးစီမံခန့်ခွဲမှုကို မဟာဘွဲ့တက်ရင်းနဲ့ သိခဲ့ကြားခဲ့အမှတ်ရခဲ့တဲ့ နာမည်က “Philip Kotler” ပါ။ မားကက်တင်းကို ရင်ထဲနှစ်ခြိုက်ခဲ့တဲ့သူတစ်ယောက်ဖြစ်လာတာ သူ့စာအုပ်တွေကြောင့်ဆိုရင် မလွန်ဘူးလို့ သစ္စာတည်ရဲလောက်အောင် နာမည်ကိုသတိထားမိသွားမှ အိမ်ကစာအုပ်စင်ပြန်မွှေတော့ စာအုပ်တွေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးက သူ့စာအုပ်တွေချည်းပါ။ ဒီပုဂ္ဂိုလ်ကြီးသက်ရှိထင်ရှားရှိရင် စကားပြောချင်လိုက်တာလို့ အကြိမ်ကြိမ်တိုးညင်းစွာ ညည်းတွားရေရွတ်ရင်း ကျွန်တော်ခလုတ်ပေါင်းများစွာ လျှောက်နှိပ်ဖြစ်ခဲ့တယ်။ နှိပ်ဖြစ်တဲ့စာလုံးတိုင်းက “Dear Prof. Philip Kotler” တဲ့။

ဂေါက်ငနဲနဲ့ ဇွန်လ ၂၇

ထပ်ဖန်များစွာ ကြားရဖန်များလာတော့ ကျင့်သားရသွားတယ်ထင်ပါတယ်။ ရင်းနှီးသူ၊ မရင်းနှီးသူတွေက ကျွန်တော့်ရှေ့ရော ကွယ်ရာမှာပါပြောကြလွန်းတော့ ပြောင်းပြန်တွန်းအားတစ်ခုကို ဖန်တီးပေးလိုက်ဟန်တူပါရဲ့။ တက်ကြွမှုတွေတသီကြီးနဲ့ တွေ့ရာမြင်ရာကို ရလိုရငြားဆက်သွယ်ဖို့ ကြိုးစားခဲ့တာ တစ်နှစ်နီးပါးလောက်တောင် ကြာခဲ့ပါတယ်။ စိတ်ဓာတ်မကျဘဲ ဆက်သွယ်ရင်းကနေ ပြန်စာလေးတစ်စောင်ကို ကျွန်တော်ရခဲ့တဲ့အချိန်က တရုတ်ပြည်မှာ မြန်မာလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက လွှတ်တဲ့သင်တန်းတက်နေတဲ့ အချိန်မှာပါ။ ပျော်လိုက်တာဗျာ။ ရင်ထဲမှာ မြန်မာ့ဆိုင်းဝိုင်းကြီးတီးနေသလို ဝုန်းဒိုင်းကြဲနေတာပဲ။ အရူးတစ်ယောက်လို ခုန်ပေါက်ပြေးလွှားရင်း မြန်မာနိုင်ငံမှာရှိနေတဲ့ အဖေ့ဆီကိုအကြောင်းကြားတော့ အဖေက အစည်းအဝေးထဲရောက်နေတော့ ဖုန်းကဆက်မရ။ ချက်ချင်းပဲ မားကက်တင်းဂုရုကြီးဆီ အကြောင်းပြန်လိုက်တယ်။ သူ့ရဲ့လက်ထောက်နဲ့ ဘန်ကောက်မှာတွေ့ဖို့ ကျွန်တော်လာခဲ့မယ်ဆိုတဲ့ အကြောင်းကိုပေါ့။ မှတ်မှတ်ရရ ဂုရုကြီးဆီမှ ပြန်စာဝင်တဲ့နေ့က တစ်သက်မေ့မရနိုင်တဲ့နေ့တစ်နေ့ပေါ့။ ဇွန်လ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈း၀၄ နာရီတိတိ။

အပြုံးမြို့တော်ရဲ့ လှောင်ရယ်သံ

ဒီလိုနဲ့ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ဒေါက်တာဟိန်းသူအောင်နဲ့အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို တက်ကြွစွာထွက်လာခဲ့ပါတယ်။ Intercontinental Hotel မှာ ချိန်းဆိုထားတဲ့ ဂုရုကြီးရဲ့လက်ထောက်နဲ့တွေ့ဖို့ရာ ကျွန်တော်တို့ ခြေလှမ်းတွေ တက်ကြွနေခဲ့တယ်။ ဒီလိုတက်ကြွစွာလျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတွေရဲ့အပြန်ခရီးဟာ မွန်းကျပ်မှုတွေနဲ့ပြည့်နှက်ခဲ့တာ ဘယ်သူသိနိုင်မလဲ။ ကမ္ဘာကျော် အီလက်ထရွန်နစ်လုပ်ငန်းကြီး Hitachi ရဲ့ အမှုဆောင်အရာရှိချုပ်ဟာ ဂုရုကြီး Philip Kotler နဲ့အတူညစာစားရင်းတိုင်ပင်ကာ နောက်နေ့မနက်မှာ ဝန်ထမ်းတွေကိုစကားပြောဖို့အတွက် တစ်နာရီကန်ဒေါ်လာတစ်သိန်းခွဲထိ ကုန်ကျစရိတ်ရှိမယ့် ဒီလိုပုဂ္ဂိုလ်ကို ကျွန်တော်ငှားနေတဲ့ ရန်ကင်းတိုက်ခန်းအပေါ်ဆုံးထပ်က အံဆွဲထဲမှာထားတဲ့ ထောင်တန်ငွေစက္ကူတချို့က လှောင်ရယ်နေခဲ့လေသလား။ ဝမ်းနည်းမှုက ကျွန်တော့်ရင်ထဲဆို့တက်လာတယ်။ ကျွန်တော်ဘယ်လိုတတ်နိုင်ပါ့မလဲ။ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ဒီပုဂ္ဂိုလ်ကြီးကို ကျွန်တော်လက်ဆွဲပြီး မြန်မာပြည်ကို ရောက်အောင်ခေါ်မယ်။

ဘုရားသခင် ထပ်မံဖန်ဆင်းပေးတဲ့ မိဘနှစ်ပါး

ကျွန်တော့်ဘဝကို ခွန်အားများစွာနဲ့ လက်နှစ်ဖက်နဲ့အတူ ဆွဲကူပေးခဲ့တဲ့မိဘနှစ်ပါးကို ကျွန်တော်ထပ်မံရရှိခဲ့ပါတယ်။ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဒီအစီအစဉ်စတင်ကတည်းက ငွေကြေးအမြတ်အစွန်း တစ်ခုတည်းကိုသာ ရှေ့တန်းမတင်ခဲ့တာကြောင့် ရောင်ပြန်ဟပ်တယ်လို့ယုံကြည်တယ်။ လက်မှတ်တစ်စောင် ဒေါ်လာ ၁၅၀၀ ဆိုတဲ့ ကောလဟလပေါင်းများစွာ၊ သွေးထိုးမှုပေါင်းများစွာနဲ့ ညစ်ကျယ်ကျယ်ကစားကွက်တွေရဲ့ ထိုးနှက်ချက်တွေကြားက ကျွန်တော့်အပေါ်ယုံကြည်မှုပေးခဲ့တဲ့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်နဲ့ဇနီးကို ကျွန်တော်ဒီတစ်သက် ကျေးဇူးဆပ်လို့ကုန်မှာ မဟုတ်ပါဘူး။ “ကိုထက် ဆရာအားပေးတယ်” ဆိုတဲ့စကားလုံးတွေဟာ ကျွန်တော့်အတွက်အားဆေးတွေ ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောစရာ တချို့ရှိနေပါတယ်။ ကျွန်တော်ဟာဘယ်တုန်းကမှ လက်မှတ်တစ်စောင်ဒေါ်လာ ၁၅၀၀ နဲ့ရောင်းဖို့မကြိုးစားခဲ့သလို မားကက်တင်းဂုရုကြီး Philip Kotler ဆီ သွေးထိုးပေးပို့လာတဲ့ အီးမေးလ်တွေဟာ ကျွန်တော့်ဆီကိုပါ ရောက်ရှိခဲ့သလို၊ ဘယ်သူပေးပို့တယ်ဆိုတာ သိနေပေမဲ့လည်း ဘယ်သူဆိုတာကို ပြန်ပြောမပြဘဲ ခွင့်လွှတ်ထားပါတယ်ဆိုတာပါ။ ဒါပေမဲ့လည်း ကျွန်တော်ဟာ လူသားတစ်ယောက်ဖြစ်တာမို့ ခွင့်လွှတ်ပေမဲ့လည်း မေ့ပစ်ဖို့ဆိုတာ ခက်ခဲနေဆဲပါဗျာ။

သွေးပျက်ခဲ့တဲ့ ညပေါင်းများစွာ

အရစ်ကျခွဲသွင်းဖို့ ခွင့်တောင်းရင်း ဂုရုကြီးကိုအရောက်ခေါ်ယူနိုင်ဖို့ ခြေလှမ်းတွေစတင်ခဲ့ပါပြီ။ ဟာသတစ်ပုဒ်လည်း မဟုတ်သလို ယုံတမ်းစကားပြောတာလည်း မဟုတ်ခဲ့ပါဘူး။ စုစုပေါင်းကုန်ကျငွေ ကန်ဒေါ်လာတစ်သန်းနီးပါး ကုန်ကျစရိတ်ကိုပေးဖို့ရာ ငွေစတင်ပေးချေနေပြီဖြစ်တဲ့ ကျွန်တော့်မှာ ငွေကျပ်သိန်းတစ်ရာတောင် မရှိခဲ့ပါဘူး။ မကြံကောင်းမစည်ရာဆိုပေမဲ့ လွဲချော်မှုတွေ ဖြစ်လာခဲ့ရင် ကျွန်တော်ဘယ်လိုရပ်တည်ရမလဲဆိုတာ မသိခဲ့ပါဘူး။ စိတ်ကူးယဉ်ဆန်ဆန် စွန့်စားမှုကြီးနဲ့အတူ ကျွန်တော့်ကိုမယုံကြည်နိုင်တဲ့ ဝန်ထမ်းတချို့ လမ်းခွဲသွားခဲ့ပါတယ်။ အင်တာနက်ကနေ လေ့လာခြင်းကသာလျှင် ထွက်ပေါက်တစ်ခုလို သဘောထားခဲ့ဖူးပါတယ်။ စာပေါင်းစုံဖတ်ခဲ့တယ်။ ဘယ်သူပြောပြော နားထောင်ကြည့်ခဲ့တယ်။ တစ်ရက်ကို သုံးနာရီကျော်ကျော်သာ အိပ်ခဲ့ရတဲ့ကာလဟာ ငါးလကျော်ကျော်ရှိခဲ့ပါတယ်။ Business Plan မျိုးစုံ ဆွဲခဲ့ဖူးတယ်။ Business Model Canvas ပေါင်းများစွာ ချရေးခဲ့ဖူးတယ်။ ဒီလိုဖြတ်သန်းရင်းနဲ့ ကျင်းပဖို့နှစ်လအလိုလောက်မှာ လက်မှတ်ရာနဲ့ချီပြီးယူပါမယ်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက မယူဖြစ်ကြောင်း အကြောင်းပြန်ခဲ့တဲ့အပြင် အဓိကစပွန်ဆာယူမယ်ဆိုပြီး ကျန်တဲ့သူတွေမပေးဖို့ပြောထားတဲ့ အဖွဲ့အစည်းတစ်ခုက ဆောရီးဆိုပြီးပြန်ကြားခဲ့ပါတယ်။ သိပ်မကြာပါဘူး။ ထပ်မံငွေသွင်းဖို့ရက် ကျရောက်ခဲ့ပါတယ်။ မှတ်မှတ်ရရ ဇန်နဝါရီလ ၇ ရက်နေ့ ညဆယ်နာရီကျော်ကျော် လောက်မှာ ရန်ကင်းတိုက်ခန်းက အခန်းကျဉ်းလေးထဲမှာ ကျွန်တော်ခပ်ငေါင်ငေါင်ထိုင်နေရင်း မျက်ရည်တွေကျနေတယ်။ မနက်ဖြန်လွှဲပေးဖို့ ဒေါ်လာတစ်သိန်းခွဲအတွက် ကျွန်တော့်မှာကျပ်တစ်သိန်းခွဲ တောင်မပြည့်တော့ဘူးဗျာ။ ကျွန်တော်ငိုနေမိတယ်။ အားတင်းထားရင်း ဖုန်းခလုတ်ကိုနှိပ်၊ တစ်ယောက်ပြီးတစ်ယောက်ဆီ ဖုန်းတွေဆက်ရင်း ထွက်လာတဲ့စကားလုံးတွေက ကျွန်တော့်ကိုငွေချေးပါဗျာ၊ ကျွန်တော့်ကိုငွေချေးကြပါ။

ငရဲခန်းထဲက အပြုံး

ငယ်ငယ်ကတည်းက တခြားတစ်ဦးတစ်ယောက်အပေါ်မှာ အားကိုးမှီခိုစိတ်မရှိတတ်တဲ့ ကျွန်တော်ဟာ သူငယ်ချင်းတချို့ဆီက ငွေကြေးအထောက်အပံ့တချို့ ရခဲ့ပါတယ်။ Banker လိုမျိုး ကူညီပေးခဲ့တဲ့ မိတ်ဆွေအချို့ကြောင့် ကျွန်တော်ဟာ ငွေကြေးအခက်အခဲတချို့ကို ဖြေရှင်းနိုင်ခဲ့သလို မားကက်တင်း ၃.၀ ရဲ့အနှစ်သာရကို အပြည့်အဝအားကိုးခဲ့တာကြောင့် သိန်းထောင်ပေါင်းများစွာ ကုန်ကျမယ့်အခြေအနေတချို့ကို ခိုင်မာတဲ့ယုံကြည်နားလည်မှုနဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်။ မြန်မာမားကက်တင်းဖိုရမ်နဲ့ အမြဲတွဲဖက်ပြီး မေးခွန်းတွေဖြေရတိုင်း မပါမဖြစ်မေးခွန်းတစ်ခွန်း ရှိခဲ့ပါတယ်။ ဒီကုန်ကျစရိတ်ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာပါ။ ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်ပြောဖူးတဲ့ မိမိရဲ့စိတ်ကိုလေ ထီးလိုဖွင့်ထားရမယ်ဆိုသလို အခက်အခဲကျရောက်နေတဲ့ ကျွန်တော့်အဖို့ ပြိုင်ဘက်ဆိုတာတွေ၊ အမုန်းဆိုတာတွေ ဘယ်လိုလုပ်ရှိပါ့မလဲ။ တွေ့သမျှလူဟာ ကျွန်တော့်မိတ်ဆွေပါပဲ။ ကျွန်တော့်ရဲ့ မိတ်ဆွေတိုင်းဆီမှာ ကျွန်တော့်ဆီမှာမရှိတဲ့ အားသာချက်တွေရှိနေတယ်။ ကျွန်တော့်ဆီမှာလည်း သူတို့အတွက် တန်ဖိုးတစ်ခုပေးနိုင်မယ့် အရာတစ်ခုခုရှိနေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ သူတို့ကို ကျွန်တော်ဘာလုပ်ပေးနိုင်မလဲ အမြဲစဉ်းစားတယ်။ အခက်အခဲတွေကို တင်ပြတယ်။ အကူအညီရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်တော်လုပ်ပေးနိုင်တာအကုန် ကျွန်တော်ရှင်းပြခဲ့တယ်။ ကျွန်တော့်ဆီမှာ ချမ်းသာတာဆိုလို့ စေတနာရယ်၊ ကော်တလာရယ်၊ ပြီးတော့ ကျွန်တော့်ယုံကြည်ချက်ရယ်ပဲ ရှိတော့တယ်။ ဒါပေမဲ့ ဒီပွဲဖြစ်လာဖို့ ဒါဟာလုံလောက်တယ်လို့ ကျွန်တော်ယုံတယ်။ ဒီယုံကြည်မှုနဲ့ပဲ လုပ်ငန်းရှင်တွေ၊ မိတ်ဆွေတွေရဲ့စပွန်ဆာ၊ ပါတနာတွေအဖြစ်ပါဝင်မှုကို ကျွန်တော်ရခဲ့တယ်။ ဂုရုကြီးရဲ့ ပထမဆုံးမြန်မာပြည်ခရီးဟာ ဖြောင့်ဖြူးစပြုလာပါတယ်။ ဒါပေမဲ့ နှစ်လမပြည့်တော့တဲ့ အချိန်ပဲရှိတော့တဲ့ အနေအထားအထိ တက်ရောက်မယ့်သူ လေးရာမပြည့်သေးတာအမှန်ပါပဲ။ ဘေးကပတ်ဝန်းကျင်တစ်ခုလုံး စတင်သွေးပျက်နေချိန် ရောက်လာပါပြီ။ ဒါပေမဲ့ ကျွန်တော်ပြုံးနေတယ်။ လာမယ့်ပွဲအတွက် ကျွန်တော်ပျော်နေတယ်။ ဘာလို့လဲလို့မေးရင် ကျွန်တော်အချိန်ပေးခဲ့တဲ့အရာတွေအတွက် ယုံကြည်ချက် စတင်ရရှိလာတာကြောင့်ပါပဲ။ အဖေနဲ့တော့ ကတောက်ကဆဖြစ်ရပါပြီ။ အဖေက ဒီပွဲလူဘယ်နှယောက်ဝင်မလဲလို့မေးတော့ အဖေဘယ်လိုထင်သလဲပြန်မေးခဲ့တယ်။ အဖေက လူခြောက်ရာဆိုရုပ် မပျက်ဘူးပေါ့။ ကျွန်တော်ပြုံးနေတယ်။ ဒါပေမဲ့ မပြောသေးဘူး ကျွန်တော်ပြုံးနေတယ်။ ကျွန်တော်စိတ်ပင်ပန်း၊ လူပင်ပန်းခံပြီး အချိန်ပေးခဲ့တာအများဆုံးအလုပ်က အခုအခါ အရာခပ်သိမ်းကို ချောမွေ့စေပြီလေ။ ကျွန်တော်အချိန်ပေးခဲ့တာက “Planning of a Plan” ပါ။

နွေခေါင်ခေါင်မိုးကြိုးပစ်ခြင်း

ဒီလိုနဲ့ နောက်ရက်အနည်းငယ် မားကက်တင်းဂုရုကြီးကို သွားကြိုရတော့မယ့်အချိန်ကို ရောက်လာခဲ့ပါတယ်။ ဂုရုကြီးဆီ ဟောပြောခတွေလည်း အကုန်သွင်းပြီးပြီ။ လူလည်းသုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်။ ဂုရုကြီးမလာခင် သုံးရက်အလိုမှာတင် ရုံးမှာမိုက်ခနဲလဲသွားခဲ့တယ်။ ဆရာဝန်အရေးပေါ်ရောက်လာပြီး ဆေးတွေ၊ ဘာတွေသွင်း အိမ်မှာလည်း ပုလင်းတွေချိတ်ခဲ့ရသေးတယ်။ ၇၂ နာရီကျော်ဆက်တိုက် ပထမဆုံးအလုပ်လုပ်ခဲ့ဖူးတယ်။ ဟောရက်ပိုင်းအလိုဆို ဂုရုကြီးလာပြီ။ ပျော်လိုက်တာဗျာလို့ တွေးနေတုန်း ရုတ်တရက်မနက်စောစော အန်တီဆွေဆီက ဖုန်းဝင်လာတယ်။ “ဗျာ… ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက် မနက်ပြေးရင်းချော်လဲပြီး ခြေထောက်ကျိုးသွားတယ်။” အန်တီဆွေ နဲ့ဖုန်းပြောနေရင်း ဆရာကြီးရဲ့အသံရုတ်တရက်ဝင်လာတယ်။ “သားရေ ကိုထက် ဆရာအက်ဆီးဒင့်ဖြစ်လို့ သားစိတ်မပူနဲ့နော် ဆရာဘာမှမဖြစ်ဘူး။ Philip Kotler ပွဲမှာဆရာ Moderator လုပ်ပေးနိုင်တယ်နော်သား။ ဒါပဲနော်” ဆိုပြီး ဝင်ပြောပြီး ဖုန်းကျသွားတယ်။ ဆရာရယ် ကျွန်တော့်အပေါ် ကောင်းလွန်းပါတယ် ဆရာရယ်လို့တွေးရင်း ကျွန်တော်ရှိုက်ကြီးတငင်ငိုမိပါတော့တယ်။ ချက်ချင်းပဲကားသော့ယူ၊ လိုအပ်တာတွေကားပေါ်တင်ပြီး ဆရာကြီးဆီ အရောက်ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကျိန်ပြောရဲတာတစ်ခုက ကျွန်တော့်ခေါင်းထဲမှာ မြန်မာမားကက်တင်းဖိုရမ် မရှိတော့ဘူး။ ဒါပေမဲ့ ဆရာကြီးက တွေးပူနေပြီ။ ဆရာကြီးရဲ့ကျေးဇူးကြီးလွန်းပါတယ်။ ပွဲမှာလည်း ဝှီးချဲလ်ပေါ်မှာထိုင်ကာ တစ်နေကုန် မျက်နှာတစ်ချက်မပျက်ဘဲ ပြောင်မြောက်တဲ့မေးခွန်းများစွာ မေးသွားခဲ့တယ်။ အပြန်မှာ ဆရာအရမ်းနာနေလားလို့မေးတော့ အင်းနည်းနည်းတော့နာတယ်လို့ ဖြေရှာတယ်။ ကျွန်တော်မျက်ရည်တွေဝဲပြီး ကြည့်ရင်း ဆွံ့အသွားခဲ့ရတယ်။

Kotler နဲ့ အိပ်မက်မက်ခြင်း

ပွဲစပါပြီ။ လိုက်ကာလေးကို အသာဟပြီး ကျွန်တော်ခိုး ကြည့်လိုက်တယ်။ ဈေးသက်သာအောင် စီစဉ်ပေးထားတဲ့ ကျောင်းသားတွေ ဟိုးအပေါ်မှာ၊ အောက်ထပ်နေရာတချို့မှာ စီးပွားရေး တက္ကသိုလ်ကဆရာ၊ ဆရာမတွေအတွက် အခမဲ့စီစဉ်ပေးထားတဲ့ ခုံတချို့မှာရောက်နေတဲ့ ဆရာ၊ ဆရာမတချို့၊ “သားတို့ကိုကျေးဇူး တင်တယ်။ ဆရာမကြီးတို့ မားကက်တင်းဂုရုကြီးကို မြင်ဖူးလိုက်ပြီ” လို့ပြောရှာတဲ့ ဆရာမကြီးဒေါ်လှမြင့်၊ ဒေါ်ရီရီမြင့်နဲ့ ဆရာကြီးဦးမော်သန်း၊ စပွန်ဆာ၊ ပါတနာတွေနဲ့ စည်းကားနေပြီ။ အခမ်းအနားစဖွင့်တော့ ၁၅၀၀ သောပရိသတ်ဆီက အံ့သြသံတချို့ကြားလိုက်ရတယ်။ ကျွန်တော်မျက်လုံးမှိတ်ထားတယ်။ ရင်တွေအရမ်းခုန်နေတယ်။ ဖဲကြိုးဖြတ်ပြီး မားကက်တင်းဂုရုကြီး စင်မြင့်ပေါ်တက်ကာ ပြောနေချိန်မှာ ကျွန်တော့်ပါးနှစ်ဖက် ပူခနဲဖြစ်သွားတယ်။ ကျွန်တော့်ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတယ်။ ငိုနေတယ်။ ဘယ်သူမှမသိဘူး။ အရာအားလုံးတိတ်ဆိတ်နေတယ်။ ကျွန်တော် မျက်ရည်အပြည့်နဲ့ ကြည့်နေချိန်မှာ လောကကြီးအမှောင်ကျသွားတယ်။ “ဖြောင်း ဖြောင်း ဖြောင်း” ဆိုတဲ့ အသံဆူဆူတွေက ကျွန်တော့်မျက်ခွံတွေကို ဆွဲမခဲ့တယ်။ ကျွန်တော်မားကက်တင်းဂုရုကြီးနဲ့ အိပ်မက်မက်နေပါလား။

Share on facebook
Share on twitter
Share on linkedin
Share on email