အွန်လိုင်းပေါ်က လေ့လာရာဝယ်

ဒီကနေ့ခေတ်မှာ ကျောင်းပညာ၊ အတန်းပညာ တစ်ခုတည်းကိုပဲ ပညာရေးလို့ ခေါ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ တချို့က အမြင်နဲ့ ပညာယူတယ်။ တချို့ကတော့ သီချင်းတွေကနေ သင်ယူတယ်။ တချို့ကျပြန်တော့ အချင်းချင်း စကားပြောရာက ပညာယူပြန်တယ်။ အမျိုးမျိုးပေါ့။ ဘာလို့လဲဆိုတော့ သိပ္ပံနည်းစနစ်တွေအရလည်း လူတစ်ယောက်နဲ့ တစ်ယောက် လေ့လာ၊ သင်ယူတဲ့ ပုံစံတွေ ကွဲပြားပါတယ်။ ပုံသဏ္ဍာန် အမျိုးမျိုးသော သင်ယူတဲ့ နည်းလမ်းအမျိုးမျိုးထဲမှာမှ ခုနောက်ပိုင်းနှစ်တွေမှာ ခေတ်စားလာမှာက ဗွီဒီယိုများနဲ့ လေ့လာခြင်း (Video Learning) ပါ။ အရင်လို ဗွီဒီယိုတွေဆိုတာ တီဗွီပေါ်ကပဲ ကြည့်နိုင်တာမျိုး မဟုတ်တော့ဘဲ နည်းပညာတိုးတက်မှုကြောင့် အွန်လိုင်းရတဲ့ ဖုန်းတွေ၊ Tablet တွေကနေ ကြည့်နိုင်နေပါပြီ။ လေ့လာချင်စိတ်ရှိရင် ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာ တစ်ခုရှိလာတာက မိုဘိုင်းဒေတာ ကုန်ကျစရိတ်ပါ။ ဗွီဒီယိုတွေကို အွန်လိုင်းက ကြည့်ရင် တော့ WiFi ကိုသာ အသုံးပြုသင့်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ မိုဘိုင်းကွန်ယက်တည်ဆောက်သူတွေအနေနဲ့ မားကတ်တင်းအရ မက်လုံးပေးတဲ့အနေနဲ့ လေ့လာသူများအတွက် ပညာရေးပို့ချသူများနဲ့ ပူးပေါင်းသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံတကာမှာလည်း Content တင်ဆက်သူတွေနဲ့ မိုဘိုင်းကွန်ယက်တည်ဆောက်သူတွေ ပူးပေါင်းတာမျိုးတွေ ရှိတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် WiFi လိုင်းကောင်းတဲ့အချိန် အွန်လိုင်းက လေ့လာချင်သူတွေအတွက် အခမဲ့ လေ့လာနိုင်တဲ့ နေရာလေးတွေ မျှဝေပေးချင်ပါတယ်။

ဒီလင့်ခ်လေးဟာလည်း အွန်လိုင်းကနေ ဗွီဒီယိုများ ကြည့်ရှုလေ့လာနိုင်တဲ့ ဆိုဒ်တစ်ခုပါ။ တိုက်ရိုက်တင်ဆက်တဲ့ အစီအစဉ်များပါဝင်သလို တင်ဆက်ပြီး ကဏ္ဍတွေကိုလည်း ပြန်လည်ကြည့်ရှုလေ့လာနိုင်ပါတယ်။ Interview တွေ၊ Case Studies တွေ စုံလင်ပါတယ်။ အခမဲ့ ကြည့်ရှုနိုင်သလို Premium အကောင့်ဖွင့်ကာ အခပေးစနစ်နဲ့ ပိုစုံလင်တဲ့ လေ့လာရေး အစီအစဉ်များကို ကြည့်နိုင်ပါတယ်။ လေ့လာခြင်းဟာ အနာဂါတ်အတွက် မျိုးစေ့ကောင်းတစ်ခုပါ။

 

Share on facebook
Share on twitter
Share on linkedin
Share on email