ရွဲကုန်သည်ဇာတ်တော်မှ ရရှိနိုင်တဲ့ Marketing သင်ခန်းစာများ

ငါးရာ့ငါးဆယ်နိပါတ်တော်လာ ရွဲကုန်သည်ဇာတ်တော်ဟာ ကလေး၊ လူကြီး၊ လူငယ် အားလုံးသိကြပါတယ်။

ဇာတ်တော်ထဲမှာဆိုရင် ဘုရားလောင်း ရွဲကုန်သည် နဲ့ ဒေဝဒက်လောင်းရွဲကုန်သည်ဟာ တစ်ဦးနှင့်တစ်ဦး ရောင်းချမဲ့ ဈေးကွက်နေရာများကို ခွဲခြမ်းသတ်မှတ်ထားပြီး အကယ်၍ အခြားတစ်ဦးရဲ့ နေရာမှာ ရောင်းချလိုပါက ထိုနေရာကို အပိုင်စားရသူ ရောင်ချပြီးမှသာ ရောင်းချရမယ်လို့ သဘောတူညီချက်ယူထားကြပါတယ်။

ထိုဒေသမှာရှိတဲ့ မြေးအဘွားနှစ်ဦးဟာ လက်ထဲမှာ သူဋ္ဌေးတွေ လက်ထက်ကသုံးခဲ့တဲ့ ရွှေခွက်တစ်ခွက်ကို တန်ဖိုးမသိပဲ ပိုင်ထားကြပါတယ်။ ထို့နောက် ထိုမြေးအဖွားဟာ ဒေဝဒက်လောင်း ရွဲကုန်သည်ဆီက ရွဲကို ထိုရွှေခွက် နဲ့ ဝယ်ဖို့ ကြိုးစားတဲ့အခါမှာ ဒေဝဒက်လောင်းဟာ ရွှေခွက်မှန်းသိပေမဲ့ အလကားနီးပါးရယူလိုတဲ့ အတွက်ကြောင့် တန်ဖိုးမရှိတဲ့ ခွက်စုတ်လို့ လိမ်ညာပြီး နောက်မှ ပြန်လာယူမယ်ဆိုတဲ့ အကြံနဲ့ ထွက်သွားပါတယ်။

ဒေဝဒက် ထွက်သွားတဲ့အခါမှာ ဘုရားလောင်းက ထိုနေရာမှာပဲ ရွဲလာရောင်းပါတယ်။ အဆိုပါ မြေးအဖွားဟာ ထိုခွက်နဲ့ပဲ ဝယ်ဖို့ကြိုးစားပါတယ်။ ဘုရားလောင်းကတော့ ရွှေခွက်ဖြစ်ကြောင်း ရှင်းပြပြီး သူ့မှာ ရွှေခွက်နဲ့ ညီမျှတဲ့ ရွဲမပါကြောင်း ပြောပြပါတယ်။ မြေးအဖွား က ရွဲရရင် ကျေနပ်ပြီ ဖြစ်ကြောင်း ပြောတာကြောင့် ဘုရာင်းလောင်းက သူ့မှာရှိတဲ့ ရွဲတွေနဲ့ ငွေတွေ အားလုံးကိုပါပေးခဲ့ပြီး ရွှေခွက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒေဝဒက်လောင်းကတော့ ရွှေခွက်ကို ဆုံးရှုံးရမှန်း သိတဲ့အခါမှာ သွေးအန်ပြီး သေဆုံးခဲ့ပါတယ်။

ဒါဟာ အားလုံးသိတဲ့ ဇာတ်တော်ပါ။ ဒီဇာတ်တော်ဟာ လောဘကြီးရင် အရနည်းမယ်ဆိုတဲ့ လူမှုရေး သင်ခန်းစာကို ပေးပါတယ်။ ဒါပေမဲ့ ဒီတစ်ခုပဲ မဟုတ်ပါဘူး။ Marketing အမြင်အရ သင်ခန်းစာအချို့ရရှိနိုင်ပါသေးတယ်။

ဒေဝဒက်လောင်းဟာ ဝယ်ယူမဲ့ Customer ရှိရာကို အရင်ရောက်ခဲ့ပါတယ်။ Customer ကိုလည်း အရင်ရောင်းခွင့်ကြုံခဲ့ပါတယ်။ ဒါပေမဲ့ မရောင်းခဲ့ရပါဘူး။ နောက်မှ ရောက်တဲ့ ဘုရာင်းလောင်းကတော့ Customer ကို နောက်ကျမှ တွေ့ရပေမဲ့ သူ့ပစ္စည်းကို ရောင်းခဲ့ရပါတယ်။ ဒါကြောင့်

သင်ခန်းစာ (၁)

Market ထဲကို အရင်ရောက်တိုင်းလည်း ရောင်းရမယ်လို့ မဆိုလိုပါဘူး။ Market ထဲကို နောက်မှ ရောက်လို့လည်း Market Share မရနိုင်တော့ ဘူးဆိုတာလည်း မဟုတ်ပါဘူး။ အဓိက က ရောင်းမဲ့သူရဲ့ စေတနာ နဲ့ ဝန်ဆောင်မှုပါပဲ။ ဈေးကွက်ထဲကို အရင်ရောက်လို့စေတနာနဲ့ ဝန်ဆောင်မှု မကောင်းတဲ့အခါမှာ Customer တွေက မတတ်သာလို့ ဝယ်ရတယ်ဆိုရင်တောင် ကိုယ့်ထက် စေတနာ နဲ့ ဝန်ဆောင်မှု ကောင်းတဲ့ ရောင်းသူတွေ ပေါ်လာရင်တော့ Customer တွေကို လက်လွှတ်ရပါလိမ့်မယ်။

နောက်တစ်ချက် အနေနဲ့ကတော့ ဒေဝဒက်လောင်းဟာ သူ့အကျိုးကိုပဲ သူကြည့်ပြီး Customer ရဲ့ အကျိုးကို ထည့်မတွက်ခဲ့ပါဘူး။ ဘုရားလောင်းကတော့ Customer ရဲ့ အကျိုးကို ထည့်တွက်ခဲ့ပြီး ရွှေခွက်ဖြစ်ကြောင်းရှင်းပြတဲ့အပြင် Customer က လိုလိုလားလားနဲ့ ရွှေခွက်ကို ပေးတဲ့အခါ Customer ပေးတဲ့တန်ဖိုးကို အပြည့်ပြန်မပေးနိုင်ပေမဲ့ သူပေးနိုင်သလောက်တော့ အကုန်ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားလောင်းဟာ သူပေးတဲ့ ရွဲတွေထက် သူပြန်ရလိုက်တဲ့ ရွှေခွက်က အများကြီး တန်ဖိုးကြီးနေတဲ့အတွက် အဆပေါင်းများစွာ မြတ်စွန်းသွားပါတယ်။ ဒါကြောင့်

သင်ခန်းစာ(၂)

ရောင်းသူတွေဟာ ပစ္စည်းရောင်းရရုံမဟုတ်ပဲ Customer တွေကို မနစ်နာစေအောင် သတိထားပေးရပါမယ်။ Customer တွေရဲ့ အကျိုးကို ကြည့်ရပါမယ်။ ဒီလိုမှ မဟုတ်ပဲ Customer တွေ နစ်နာမှာကို ဂရုမစိုက်ပဲ ပစ္စည်းရောင်းရဖို့သာ အာရုံစိုက်မယ်ဆို Customer တစ်ယောက်ဟာ ကိုယ့်ဆီမှာ တစ်ခါသာ ဝယ်ပြီး နောက်တစ်ခါ ဝယ်ဖို့ ပြန်လာမှာ မဟုတ်ပါဘူး။

နောက်တစ်ချက်ကတော့ ဘုရာလောင်းဟာ Customer အပေါ် ရိုးသားခဲ့ပါတယ်။ ဒေဝဒက်လောင်းကတော့ Customer အပေါ် မရိုးသားပဲ လိမ်ညာခဲ့ပါတယ်။ ဒါကြောင့်

သင်ခန်းစာ(၃)

အရောင်းသမားတစ်ယောက်ဟာ Customer အပေါ် ရိုးသားရပါမယ်။ အကယ်၍ Customer အပေါ် မရိုးမသားနဲ့ လိမ်ညာခဲ့မယ်ဆိုရင်တော့ ဒေဝဒက်လောင်းလို ရွှေခွက်ဆုံးရှုံးရတဲ့ အဖြစ်မျိုးနဲ့ ကြုံပါလိမ့်မယ်။

Share on facebook
Share on twitter
Share on linkedin
Share on email